အကြင်သူသည် (သိုးဆောင်း)
လူတစ်ယောက်ကို အဆုံးအဆမဲ့ အချစ်တွေနဲ့ တစ်ဘဝလုံးစာ ချစ်ဖူးလား။???
ဒါဆို ဒီစာအုပ်လေးဖတ်ကြည့်ပါ။
ဒီစာအုပ်မှာတော့ နန်းနွယ်ဆိုတဲ့ သူဌေးလေးက ယမင်းသူဇာလို့ခေါ်တဲ့ အငြိမ့်သမ တစ်ယောက်ကို ချစ်မိသွားရာကနေ စပါတယ်။သူဌေးသား ဘဝကနေ လမ်းဘေးရောက်သွားတဲ့အထိတိုင်အောင် ဒီမိန်းခလေးအပေါ် ထားတဲ့ ချစ်ခြင်းမေတ္တာတွေကို ခံစားရမှာပါ။
အငြိမ့်သမလေးရဲ့ ဘဝဇာတ်ကြောင်း ဘာတစ်ခုမှ မသိရဘဲ မြင်မြင်ချင်း ချစ်မြတ်နိုးသွားတဲ့ နန်းနွယ်ဆိုတဲ့ သူဌေးလေးကို အပြစ်မတင်ရက်လောက်အောင် သူ့ရဲ့အချစ်က ပြောင်မြောက်လှတာတွေ့ရပါလိမ့်မယ်။ခန္ဓာကို အသပြာနဲ့ လဲနေတဲ့ ယမင်းသူဇာရဲ့ ဘဝကို သိလိုက်ရတော့လည်း ချစ်ခြင်းမေတ္တာဟာ လျော့မသွားတဲ့အပြင် သူ့ကို ကာကွယ်ပေးချင်စိတ်တွေသာ ပိုလို့လာပါတယ်တဲ့။ဘယ်လောက် မေတ္တာထားနိုင်သလဲ ကြည့်ပါဦး။
ကိုယ်ချစ်ရတဲ့ သူက သူချစ်ရတဲ့လူအကြောင်း တခုတ်တရပြောပြတာကို နားထောင်ဖူးသလား?
နန်းနွယ်ကတော့ ယမင်းသူဇာလေးက သူ့ရှေ့မှာ သူချစ်ရတဲ့ သံပျဥ်မင်းသားအကြောင်းကို တခမ်းတနားပြောဆိုနေတာကို ထိုင်နားထောင်ခဲ့ရပါသတဲ့။ဘယ်လောက် ရင်နာဖို့ကောင်းကြောင်း စာဖတ်သူတို့ တွေ့ရပါလိမ့်မယ်။
အသွေးအသား ရမ္မက်ဆန္ဒ တစိုးတစိမှ မပါဘဲ နှလုံးသားနဲ့ ချစ်တတ်သူတိုင်း ရင်မောဖွယ် ဖတ်ရှုရမဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။တကယ်ချစ်တတ်သွားသူတိုင်း သူတို့ချစ်သူကို ကာကွယ်ချင်တဲ့စိတ်တွေ၊ညတွေကို အနှောင့်အယှက်ကင်းကင်း အိပ်ပျော်အောင် ပိုက်ဆံပုံပေးပြီး ကာကွယ်ခဲ့ရတာတွေကို ဖတ်မိတိုင်း နန်းနွယ်ရဲ့ ချစ်တတ်ပုံကို အံ့သြစေမိမှာပါ။ဒါ့အပြင် နောက်ဆုံးအချိန်အထိ ချစ်ရသူနေထိုင်ဖို့ စံအိမ်တော်ကို စိတ်ရော ကိုယ်ပါ နှစ်ပြီး အကွက်စေ့စေ့၊ထောင့်ကျကျ စီမံဆောက်လုပ်ခဲ့ပုံတွေက စာဖတ်သူကို ဇာတ်လမ်းထဲ စီးမျောသွားစေမှာပါ။
ကိုယ် ဒီစာအုပ်ကို ပထမဆုံးအကြိမ် ဖတ်ရတုန်းက နောက်တစ်ကြိမ်ပြန်မဖတ်တော့ဘူး လို့တွေးထားတာပါ။ဘာလို့ဆို ဒီလိုအကြောင်းအရာတွေက တိုက်ဆိုင်မှုရှိသူတွေ အပေါ်လွှမ်းမိုးမှုရှိတဲ့အပြင် သတိရစိတ်ကိုလည်း ပိုတိုးစေလို့ပါ။ပထမတစ်ခေါက် ဖတ်ရထဲက နန်းနွယ်ရဲ့ ချစ်တတ်ပုံကို အံ့သြနေမိတဲ့အပြင် စာရေးသူရဲ့ အတွေးတွေနဲ့ ဇာတ်လမ်းကိုလည်း ချီးကျူးမိပါတယ်။တကယ်ဖတ်ပြီး စာအုပ်ထဲက ဇာတ်လမ်းအတိုင်းစီးမျောသွားရလို့ ၃၅၀၀ ပေးရတာ တန်ပါတယ်။
ကိုယ်က ဆရာသိုးဆောင်းရဲ့ စာဖတ်ပရိတ်သတ်မို့ သူ့စာအုပ်အတော်များများဖတ်ဖူးပါတယ်။ကြိုက်လည်းကြိုက်ပါတယ်။ဒါပေမဲ့ ဒီတစ်အုပ်ကတော့ အခြားစာအုပ်တွေနဲ့မတူဘဲ ကွဲထွက်နေတယ်လို့ ခံစားရတယ်။နောက်ပြီး တစ်ခါဖတ်ပြီး တစ်သက်လုံးမှတ်မိနေတဲ့ ဇာတ်လမ်းမျိုးလည်း ဖြစ်တာကြောင့် အတော်သဘောကျမိပါတယ်။
ရသစာပေမို့ ဗဟုသုတရမှ ဖတ်မယ်ဆိုတဲ့လူတွေ ကျော်သွားနိုင်ပါတယ်။(ရသစာပေလည်း သူ့အလျောက်သူ ထိုက်သင့်တဲ့ ဗဟုသုတတော့ ရှိစမြဲပါ)တခြား အများကြီးညွှန်းစရာလည်း မရှိပါဘူး။လူတစ်ယောက်ကို နှလုံးသားနဲ့ နှစ်နှစ်ကာကာ ချစ်ခဲ့ဖူးရင် ဝယ်ဖတ်လိုက်ပါတော့။ကိုယ်ကတော့ ဖတ်ဖူးသမျှ ဝတ္ထုထဲမှာ အကြိုက်ဆုံး စာအုပ်ဖြစ်နေတော့မှာပါပဲ။
ကိုယ်က စာအုပ်ဝယ်ထားပြီးဖတ်တာပါ။အခုအခြေအနေနဲ့ စာအုပ်ဝယ်ဖို့ အဆင်မပြေလို့ Pdf နဲ့ ဖတ်ချင်တဲ့သူတွေအတွက် Link လေးပါ ထည့်ပေးထားပါတယ်။
Comments
Post a Comment